Sunday, September 30, 2012

စတင်တည်ထောင်ပုံ

ကျွန်တော် ပရဟိတအသင်းလေးတစ်ခုဖွဲ့ဖို့ စိတ်ကူးမိပါတယ်။ အဲဒါက ကျန်းမာရေးစောင့်ရှောက်မှုအသင်းပါ။ ကျွန်တော်တို့တွေ ဆင်းရဲနွမ်းပါးပြီး နာမကျန်းဖြစ် တဲ့သူတွေကို အခကြေးငွေ၊ ပစ္စည်းဥစ္စာစိုးစဉ်းမှ မယူဘဲကုသမှုပေးမှာပါ။
        နေရာအတည်တကျ သတ်မှတ်မထားဘဲ ဆင်းရဲတဲ့သူတွေဆီ ရောက်အောင် သွားပြီးကုသမည့် Mobile clinic လေးတစ်ခုဖွင့်ချင်ပါတယ်။ တစ်ပတ်တစ်ရက် (သို့) နှစ်ပတ်တစ်ရက် သွားမယ်လို့စဉ်းစားထားပါတယ်။ ယခုလောလောဆယ်တော့ တောင်ဒဂုံမြို့နယ်အတွင်းက ရပ်ကွက်တွေကိုသွားရောက် ကုသဖို့တာစူထားပါတယ်။
        စိတ်ကူးဖြစ်ပေါ်လာပုံကတော့ ကျွန်တော်လွန်ခဲ့တဲ့ တစ်ပတ်က တောင်ဒဂုံကို Home visit သွားရာကနေ လူတွေရဲ့ဆင်းရဲချမ်းသာ မညီမျှမှုကို အမှတ်မထင်သတိ ထားမိခြင်းက စတာပါ။ ကမ္ဘာပေါ်ရှိအလယ်လတ်တန်းစားဝင်ငွေရရှိတဲ့ နိုင်ငံတွေမှာ လူဦးရေ ၅ ပုံ ၄ ပုံဟာ တစ်နေ့လျှင် အမေရိကန်ဒေါ်လာနှစ်ဒေါ်လာအောက်သာ ရရှိနေကြပါတယ်။ချမ်းသာကြွယ်ဝလာတဲ့အာရှလူလတ်တန်းစားတွေဟာသူတို့သားသမီးတွေကိုအနောက်တိုင်းကထိပ်တန်းကျောင်းတွေမှာထားဖို့စိတ်အားထက်သန်နေကြပါတယ်။အဲ့ဒီအချိန်မှာဆင်းရဲမွဲတေမှုချောက်ကမ်းပါးထဲကျရောက်ဖူးတဲ့ လူတွေရဲ့ဘ၀ဟာ ပစ္စက္ကမှာမှာသူတို့ ဘယ်ရောက်နေကြတယ်။ အနာဂတ်မှာ ဘယ်မှာရှိနေမလဲဆိုတာကို မှန်းဆလို့မဖြစ်နိုင်ပါဘူး။ သူတို့တွေဟာ လူ့ဘ၀၊ လူဖြစ်တည်မှုပြင်ပမှာ ရောက်နေတယ် လို့ဆိုရမယ့်ဘ၀မျိုးဖြစ်နေပါတယ်။ အကောင်းတွေဟာ လာမယ့်အနာဂတ်မှာရှိနေမယ် ဆိုတဲ့ အချက်ဟာလည်း မရေရာပါဘူး။
        အရင်တုန်းကဆိုရင် ကျွန်တော်ကအစားအသောက်နဲ့ပတ်သက်ရင် စားသောက် ဆိုင်ကောင်းကောင်းတွေကို ရွေးချယ်စားသောက်လေ့ရှိပါတယ်။ ညနေပိုင်း နေ၀င်ဆည်းဆာအချိန်တွေမှာ ရှုခင်းကောင်းကောင်း Outldoor setting နဲ့ တစ်ခုခုစား ရင်း အချိန်တွေကို ဖြတ်သန်းရမလား၊ ဒါမှမဟုတ် သီချင်းစာသားမပါတဲ့ တီးလုံးသံစဉ် ငြိမ့်ငြိမ့်လေးတွေနဲ့ Indoor setting ကို ကျော်ဖြတ်ရမလား စဉ်းစားနေချိန်မှာ ….
        လူမွဲတွေအဖို့ ကိုယ့်ဘာရေးထားတယ်ဆိုတာ ကိုယ်ဘယ်တော့မှ မသိနိုင်တဲ့ အနေအထားမှာရှိနေပါတယ်။ အနာဂတ်တင်မဟုတ်ဘဲ ပစ္စုပ္ပန်ပါပျောက်ဆုံးနေတဲ့ကမ္ဘာ ပေါ်ရှိသန်းပေါင်းများစွာသော လူမွဲတွေဟာ မျှော်လင့်ချက်မရှိတဲ့နေ့ရက်တွေကို ဖြတ်သန်းနေတယ်ဆိုတဲ့ အသိသံဝေဂလေး ၀င်လာပါတယ်။
        ဒါကြောင့် ကျွန်တော်အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ရွေ့လျားဆေးခန်းလေး ဖွင့်ချင်တယ်လို့ပြောတော့ ကျွန်တော်နဲ့ထပ်တူ ခံစားမိတဲ့ ညီမလေး Nyan Lin နဲ့ ညီမလေး Nandar Khine တို့ (၂) ယောက်က ကျွန်တော်စိတ်သွားတိုင်းကိုယ်ပါဖြစ်စေ ဖို့ အစွမ်းကုန်ကူညီမယ်လို့ပြောပါတယ်။ သူငယ်ချင်းတွေ၊ မိတ်ဆွေအပေါင်းအသင်း တွေကလည်း ကူညီကြမယ်ဆိုပြီး ပြောလာကြပါတယ်။
        အဲဒါနဲ့ ကျွန်တော်   ”မျှော်လင့်ခြင်းမိုးကောင်းကင်” ဆိုတဲ့နာမည်နဲ့ ပရဟိတ အသင်းလေးစတင်ဖွဲ့စည်းလိုက်ပါပြီ။ အခုတော့ကိုယ့်မုန့်ဖိုးလေးကိုယ်စုပြီး ကျွန်တော် တို့ (၃) ယောက်သား နာမကျန်းဖြစ်တဲ့ ဆင်းရဲသူတွေကို စတင်ပြုစုကုသပေးတော့ပါ မယ်။
        သူငယ်ချင်းတို့လည်း --- စိတ်ပါဝင်စားတယ်ဆိုရင် ကျွန်တော်တို့နဲ့အတူ ပူးပေါင်း ပါဝင်နိုင်ပါပြီ။ ကျွန်တော်တို့ကို လူအားဖြင့်ဖြစ်စေ၊ အလှူငွေအားဖြင့်ဖြစ်စေ (သို့တည်း မဟုတ်) Information share လုပ်ခြင်းအားဖြင့် ကူညီနိုင်ပါတယ်။ ရေရှည်ရပ်တည်ဖို့ မလွယ်မှန်းသပေမယ့် နာမကျန်းဖြစ်တဲ့ဆင်းရဲသားတွေကို ပြုစုကုသချင်တဲ့စိတ်ကို တားမရတာတဲ့ မျှော်လင့်ခြင်းမိုးကောင်းကင် အသင်းကို ဖွဲ့လိုက်ပါပြီ။
        နာမကျန်းဆင်းရဲသားတွေအတွက် မိုးကောင်းကင်မဖြစ်နိုင်ပေမယ့် မျှော်လင့်ချက် တစ်ခုတော့ဖြစ်နိုင်ပါစေဆိုတဲ့ရည်ရွယ်ချက်နဲ့ ဒီနာမည်ကို ပေးလိုက်တာပါ။
        ကျွန်တော်တို့ရဲ့ ဒီအသင်းရေရှည်ရပ်တည်နိုင်ဖို့ ၀ိုင်းဝန်းပံ့ပိုးပေးကြပါလို့ သူငယ် ချင်းတို့ကို ပြောရင်း … အချိန်ပေးပြီး ဒီ Note ကို ဖတ်လိုက်တာကို ကျေးဇူးတင်ပါ တယ်။

(ကိုးကား - Biweekly Eleven – opinion ကဏ္ဍမှစာရေးဆရာ-မောင်ကြွယ်စိုး၏ ဆင်းရဲမွဲတေမှု ပထ၀ီအနေအထား)

0 comments:

Post a Comment